Home Blog

သျှမ်းသံတော်ဆင့်သတင်းတိုက်ဟာ ကျမရဲ့ ဒုတိယ အိမ်ပါ

0
hsengphoo

သျှမ်းသံတော်ဆင့်

သြဂုတ်လ ၈ ရက် ၂၀၁၉ 

Hsenphoo
နန်းဆိုင်ဖူး သျှမ်းသံတော်ဆင့်

ကျမအဖို့ (ဖူတွယ်ဟောက်) သျှမ်းသံတော်ဆင့် ဆိုတဲ့နာမည် အရင်ကတစ်ခါမှလည်းမကြားဖူးဘူး ။ သတင်း ဆိုတာ ဘယ်လိုမျိုးလဲ  အမျိုးသားရေးအတွက် ဘယ်လို အထောက်အကူပြုတာလဲ ဆိုတာ မစဉ်း စားဖူးဘူး။ သတင်း ထောက်ဆိုတာ ကင်မရာကိုလည်မှာဆွဲ လက်ကလည်း မိုက်တွေ ရီကော်တာတွေကိုင်ပြီး သတင်းရှိတဲ့နေရာသွားပြီး သတင်းယူ အင်တာဗျူး ကင်မရာရှေ့မှာ ရီပို့တင်းလုပ်ရတာကိုတော့ လူငယ်ပီပီ  ကျမ အရမ်းကိုသဘောကျခဲ့ပါတယ်။ သတင်းထောက်ဆိုရင် မျက်စိထဲမှာ အဲ့လောက်ဘဲမြင်ခဲ့မိပါတယ်။  

၂၀၁၃ နှစ်ကုန်ပိုင်းလောက်က အခြေခံ သတင်းပညာသင်တန်းကို ကျမတို့ ရင်ထဲကလာတဲ့ရည်ရွယ်ချက်မဟုတ်ဘဲ အခါသင့်အခွင့်ကြုံလို့ တက်ရောက်ခဲ့ပေမယ့်  ကျမတို့ကို ထောက်ခံချက်ပေးတဲ့ သျှမ်းသံတော်ဆင့် သတင်းဌာနရဲ့အကြီးအကဲ သတင်းဌာန ထူထောင်သူ ဦးခွန်စိုင်းဆိုတာကိုလဲ မသိသလို ယခုလက်ရှိတာဝန်ယူထားတဲ့ အယ်ဒီတာချုပ် စိုင်းမိဏ်း ဆိုတာကိုလဲ မသိခဲ့ပါဘူး။ မကွယ်မဝှက်တမ်းပြောရမယ်ဆိုရင် စာပေယဉ်ကျေးမှုကနေ ဆက်သွယ်ပေးမှုကြောင့်  ကျမ သျှမ်းသံတော်ဆင့်ကို ရောက်ခဲ့ရတာပါ။

ဒါ့ကြောင့် သျှမ်းသံတော်ဆင့် ကိုယ်စားပြုအနေနဲ့  အမျိုးသမီး သတင်းထောက် သင်တန်းတက်နေပေမယ့် အဲဒီသတင်းဌာနရဲ့တာဝန်ရှိသူတွေ တာဝန်ထမ်းဆောင်နေတဲ့သူတွေကိုအဲ့တုန်းက ကျမ တစ်ယောက်မှ မသိခဲ့ဘူးဆိုတာ ကျမ ရိုးရိုးသားသားဝန်ခံခဲ့ပါတယ်။ ပြောမယ်ဆိုရင် အဲ့ချိန်တုန်းကလဲ တောင်ပေါ်မြို့လေးမှာနေရတဲ့ကျမတို့အဖို့ ဒီလောက်ထိ အင်တာနက်တွေ ဖုန်းတွေ Social Media တွေ ကျယ်ပြန့်မှုမရှိသေးတော့ သိသင့်သိထိုက်တဲ့ သတင်းတွေ ဗဟုသုတ တွေနဲ့ဝေးကွာခဲ့ရတယ်။  

ကျမ သတင်းသင်တန်းကို သွားတက်ချိန်က တက္ကသိုလ်နောက်ဆုံးနှစ် ဖြေပြီးတဲ့ ချိန်ဖြစ်ပြီး သတင်းဆိုတာဘာလဲ။ ဘယ်လိုအဓိပ္ပာယ်လဲ    ဘာမှနားမလည် ပဲ သွားတက်ခဲ့ပါတယ်။ ကျောင်းတက် တုန်းကလဲ စကားနည်း တဲ့သူ၊ လူမှုအသိုင်းအဝိုင်းနဲ့ချိတ်ဆက်လုပ်ဆောင်မှု အားနည်းတဲ့သူ  တစ်ယောက်ဖြစ်ခဲ့ပါတယ်။ တကယ်တော့ သတင်းထောက်ဆိုတာ လျင်မြန်ရတယ် လူမှုအသိုင်းအဝိုင်း ကျွမ်းကျင်နှံ့စပ်ရမယ် စကားကြွယ်ရမယ် သူများ မသိသေးတဲ့ဟာကို ကိုယ်က သိအောင်လုပ်ပြီး သတင်းရေးသား ရမယ်လေ။  

သတင်းပညာ သွားလေ့လာတော့မယ့်အချိန်မှာတော့  သူငယ်ချင်းတွေ က စိတ်ပူပေးရှာပါတယ်။ နင် ဖြစ်နိုင်ပါ့မလား… ကိုယ့်ဇာတိမှာ ဖြစ်ပျက်နေတာတောင် မသိပဲနဲ့ ဘယ်လိုလုပ် သတင်းထောက် လုပ်မလဲ … စသည်ဖြင့် သူငယ်ချင်းတွေက ပြောခဲ့ဖူးပါတယ်။

သူတို့ပြောတာလဲ ဟုတ်လဲဟုတ်ပါတယ် ကျမ သည် အရင်တုန်းက ကျောင်းတက်တုန်းက အပြင်လောက သတင်းမီဒီယာ ဘာဆိုဘာမှ စိတ်ဝင်မစားခဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

အဲ့ဒါနဲ့  အခြေခံသတင်းပညာ သင်တန်း ၃ လ တက်ပြီး သတင်းထောက်ပေါက်စဖြစ်တဲ့ချိန်မှာ ကိုယ့်ဇာတိမှာ ပြန်လာပြီး သတင်းလုပ်ရပါတယ်။ အဲ့ချိန်တုန်းက အင်တာနက်လိုင်းမကောင်းတာနဲ့ ကွန်ဗျုတာ ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်တာတွေ အဆင်မပြေမှုတွေအများကြီးကြုံတွေ့ခဲ့ရပါတယ်။  

အဲ့ချိန်တုန်းက ရုံးမရှိသေးလို့  အိမ်မှာနေပြီး သတင်းလုပ်ရတော့ ကိုယ့်သတင်း အဆင်ပြေမပြေ တိုင်ပင်ရမယ့်သူလည်းမရှိခဲ့ဘူး။  အယ်ဒီတာတွေ ရုံးသားတွေဆိုတာကလဲ ဟိုး….. အဝေးမှာ ။ အင်တာနက်လိုင်းက မကောင်း ဆိုတော့ ကျမ အလုပ်အပေါ် စိတ်ကုန်လာခဲ့တယ် စိတ်ဓါတ်တွေကျလာတယ် ….အဲ့ချိန်တုန်းကပေါ့။ 

ဒါမယ့် အဲဒီပြသနာတွေ သိပ်ကြာကြာကြီး ရင်မဆိုင်ခဲ့ရပါဘူး။ သျှမ်းသံတော်ဆင့်ရုံးခန်း တောင်ကြီးမှာ လာဖွင့်ဖို့ လူကြီးတွေက လာပြီးစီစဉ်ပါတယ်။  သဲကန္တာရမှာ အားပြတ်နေတဲ့ ကျမတို့ အဖို့ အိုအေစစ်လေးတွေ့ရသလိုပေါ့ အရမ်းကြီးဝမ်းသာအားရ ဖြစ်သွားရပါတယ်။ ရုံးခန်းရပြီဆိုတဲ့ချိန်မှာတော့ ကျမ တို့ စိတ်ကူးထဲမှာတော့ ရှယ်ဘဲပေါ့နော်။ တောင်ကြီးဆိုတဲ့မြို့ကြီးမှာ သျှမ်းသံတော်ဆင့် သတင်းရုံးကြီးပေါ့လေ ဟီးထနေတဲ့အဆောက်အဦးကြီးလို့ မြင်ယောင်ထားတယ်လေ။  

သျှမ်းသံတော်ဆင့်ရဲ့ ပထမဆုံး ပြည်တွင်းရုံးခန်းကတော့…. သျှမ်းသံတော်ဆင့်ရဲ့ တောင်ကြီးအခြေစိုက် သတင်းထောက် သျှမ်းမလေး ကူညီပေးမှုနဲ့ လမ်းမကြီးနဲ့ကပ်လျှက် ဆိုင်ကယ်ပြင်ဆိုင်ရဲ့အောက်ထပ် (လမ်းအောက်ဘက် အခြမ်းက)   ၁၀ ပေပတ်လည်လောက်ရှိ အခန်းလေးဖြစ်ပါတယ်။ 

အဲဒီကနေစပြီး  တောင်ကြီးမြို့မှာ သျှမ်းသံတော်ဆင့်သတင်းဌာန ၀န်ထမ်းတွေ အလုပ်လုပ်နိုင်ဖို့အတွက်  စျေးအတန်ဆုံး ရုံးခန်းတွေကိုတနှစ်တကြိမ်လှည့်ပတ်ရှာဖွေငှားရမ်းပြီး ပြောင်းရွှေ့အလုပ်လုပ် နေရဆဲဖြစ်ပါတယ်။ အိမ်ဌားစျေးတွေလည်း တနှစ်ထက်တနှစ်ပိုပိုကြီး လာပြီးရှာရလည်းခက်ခဲလာပါတယ်။

သတင်းရှာရင်း ရုံးခန်းရှာရင်း သျှမ်းသံတော်ဆင့် ကနေ ထုတ်ဝေတဲ့ မဂ္ဂဇင်း ရောင်းနိုင်ဖို့ စျေးကွက်ရှာရင်းရုံးအလုပ်လုပ်ရင်း ကျမ အလုပ်မှာပျော်ရွှင်လာခဲ့ပါတယ်။ အဓိကအရေးကြီးဆုံးက လုပ်ဖော်ကိုင် ဘက် တွေကကလဲ တဦးကိုတဦး ညီရင်းနှမလို တစ်ယောက်နဲ့ တစ်ယောက် ရိုင်းပင်းကူညီကြရင်း လုပ်ငန်း လည်ပတ်မှုအကြောင်းကို ကျမ ကောင်းကောင်းနားလည်လာခဲ့ပါတယ်။ အခုဆိုရင် ကျမ ရဲ့ ဒုတိယ မိသားစု ဖြစ်လာတဲ့ သျှမ်းသံတော်ဆင့် သတင်းဌာန မှာ ကျမ လုပ်သက်လဲ ၆ နှစ် ပြည့်လာတော့မှာဖြစ်တဲ့ အတွက် “ဒီအလုပ်တွေ ငါလုပ်နိုင်တယ်” ဆိုတဲ့ အတွေးနဲ့ မိမိ ကိုယ်မိမိ ဂုဏ်ယူမိရင်း ပြုံးနေမိပါတော့တယ်။ 

ကျမအမျိုးသမီးသတင်းထောက်ဘ၀ နှင့် သျှမ်းသံတော်ဆင့် သတင်းဌာန

0

မိုးလေးတဖွဲဖွဲကျတဲ့ နေ့တနေ့ရဲ့ မနက်ခင်း ၁၀ နာရီအချိန်လောက်မှာ အီဇူးဇူး ၂ ခန်းတွဲ ပစ် ကပ် ကားလေးတစီးဟာ လူ ၄ ယောက်တင်ဆောင်လာပြီး ချင်းမိုင်မြို့တွင်းနဲ့ မနီးမဝေးမှာရှိတဲ့ လယ်ကွင်းပြင်ဘေး ကုက္ကိုလ်ပင်ကြီး နဲ့ အတူ ယှဉ်ပြီး ရှိနေတဲ့ အိမ်အိုကြီးတလုံးရှေ့မှာ ကားကထိုးရပ်လိုက်ပါတယ်။

အဲဒီကားကို သျှမ်းသံတော်ဆင့်သတင်းဌာနတည်ထောင်သူလည်းဖြစ် ၊ အယ်ဒီတာချုပ်ကြီး လည်းဖြစ်တဲ့ ဦးခွန်စိုင်း ကိုယ်တိုင် မောင်းနှင်လာတာဖြစ်ပြီး ကားရှေ့ခန်း မောင်းသူဘေး မှာတော့ တက္ကသိုလ်တက်ရဖို့အရေး မျှော်လင့်ချက်လေးနဲ့ ပါလာတဲ့ လူငယ်လေး ထိုင်ပါတယ်။ ကားမောင်းသူရဲ့နောက်က အတွဲခန်းလေးထဲ လူနှစ်ယောက်ပါလာတဲ့အထဲမှာ ကျမ နန်းယေ့ ဟွမ် တယောက်ပါ ပါတယ်။

ကားဟာ လမ်းမကြီးကနေ အိမ်အိုကြီးအထိ မြွေလိမ်မြေကောက် ကွေ့ကောက်တဲ့ ဝင်္ကပါလမ်းကနေ ရွာထဲဖြတ်ဝင်လာတာ ကျမ အတွက် အတော်လေးဝေးတယ်လို့ ယူဆပါတယ်။

အိမ်ရှေ့မရောက်ခင်နားလေးမှာ ဦးခွန်စိုင်းကပြောပါတယ်။ “ လမ်းက အသွယ်တွေ အချိုးအကောက်တွေများတယ် ဆိုပေမယ့် ၂ ရက် ၃ ရက်နေရင် မင်းတို့ကောင်းကောင်းမှတ်မိ သွားမှာပါ။ အရေးကြီးဆုံးတခုမှာချင်တာကတော့ အင်္ဂလိပ်စကားပုံတခုရှိတာ မင်းတို့ကြား ဖူးလား ။ When in Rome , do as Romans do.  ဆိုတာလေ။ မင်းတို့လည်း ဒီရွာမှာနေရင် ဒီရွာကလူတွေကိုကြည့်ပြီး နေထိုင်သွားလာတတ်ရင်ဘာပြသနာမှ ရှိမှာမဟုတ်ဘူး။ အေးချမ်းပါတယ်ငါတို့ရွာက ။ ကဲကဲ ရုံး ရောက်ပြီ ဆင်းကြ ” – လို့ပြောပြီးကားပေါ်ကဆင်း အိမ်အိုကြီးထဲအသီးသီးဝင်သွားကြပါတယ်။

 အိမ်အိုကြီးထဲဝင်သွားတော့ ဧည့်ခန်းမှာ သျှမ်းတော်လှန်ရေးခေါင်းဆောင်ကြီးတွေရဲ့ပုံတွေ၊ စဝ်ဇန့်ယောင်ဟွေ၊ စဝ်ကွဏ်းဇိဏ်း(ဗိုလ်မိုးဟိန်း)၊ စဝ်ဆေထဲန် (ဗိုလ်ချုပ်ဆေထင်)၊ စဝ်ပင်းတိုင်း စတဲ့ တော်လှန်ရေးသမိုင်းဝင်ဓါတ်ပုံတွေကို တွေ့ရပါတယ်။

 ဧည့်ခန်းအလယ်တည့်တည့် နံရံမှာကျတော့ အင်မတန်ကြီးမားတဲ့ ဝါစိမ်းနီ အလယ်က လဝန်း ပါတဲ့ သျှမ်းပြည်အလံကြီးကိုတွေ့ရတော့ကြက်သီးဖြန်းဖြန်းထ သွားပါတယ်။ ပြည်ထောင်စု ကြီးဖြစ်လာဖို့  ဒီအလံတော် နဲ့အတူ  သန္ဓေတည်လာတာမဟုတ်လား။

ဟိုကြည့်ဒီကြည့်နဲ့ ကျမ ပတ်၀န်းကျင်ကိုလေ့လာနေချိန် ကျမ တခု သတိပြုမိတာကတော့ အဲ့ရုံးမှာ အမျိုးသမီးဆိုလို့ မီးဖိုချောင်ကထွက်လာတဲ့ ဆံပင်ရှည်ရှည်နဲ့အမ တယောက်တည်းပဲရှိပါတယ်။ သူကတော့ အိမ်ကြီးကို ပြုစုတဲ့သူ အဲ့ဒီကလူတွေကို ထမင်းဟင်းချက်ကျွေးတဲ့သူ ပါ။

အလုပ်ခန်းထဲမှာတော့ အင်္ဂလိပ်ဘာသာ၊ သျှမ်းဘာသာသတင်းလုပ်နေကြတဲ့သူတွေ၊ အဲဒီတုန်းက ကွဏ်းခေါ်  စာစောင်လုပ်နေတဲ့သူတွေ၊ ငွေစာရင်းကိုင် ၊ မန်နေဂျာ တွေကိုတွေ့ရပါတယ်။ အမျိုးသားတွေချည်းပါ။

ဦးခွန်စိုင်းက ကျမဘက်ကိုလှည့်ပြီးတော့- အလုပ်သင်လာဆင်းမယ့် အမျိုးသမီးတ ယောက်ရှိမယ်။ ဆိုတော့ နင်ပါရင် ငါတို့ရုံးမှာ အမျိုးသမီး ၂ ယောက်ရှိတော့မယ်- လို့ပြောပါတယ်။

အဲ့ချိန် ရုံးခန်းထဲမှာ မှတ်မှတ်ရရ ကွန်ပြူတာ ၄ လုံးဘဲရှိပါတယ်။ လူနဲ့ကွက်တိပါဘဲ။ ကျမတို့ သတင်းတွေဘာတွေစမ်းရေးဖို့အတွက် တဖက်လွှတ်စက္ကူမှာ အရင် ရေးချရပါတယ်။ အလုပ်လုပ်တဲ့သူတွေ အလုပ်ဆင်း အိမ်ပြန်မှသာ ကွန်ပြူတာတွေကို ဝင်ကိုင်ကြည့်ရပါတယ်။

ဒါပေမယ့် အဲ့ချိန်က အဲ့ဒီသျှမ်းသံတော်ဆင့်ရုံးမှာ ကျမ က ပထမဆုံးအမျိုးသမီးဝန်ထမ်း  ဖြစ်တာတော့မဟုတ်ပါဘူး။  ဟိုးအရင်တွေတုန်းကလည်း အမျိုးသမီးဝန်ထမ်းတွေ အလုပ်သင်တွေရှိခဲ့ဖူးတယ်လို့ ဦးခွန်စိုင်းက ပြောပြပါတယ်။

ဥပမာ – အမေရိကန်သမ္မတ ဘုရှ် နဲ့ တွေ့ခွင့်ရတဲ့ အသက်အငယ်ဆုံး သျှမ်းအမျိုးသမီးအရေးလှုပ်ရှားဆောင်ရွက်နေတဲ့  နန်းချမ်တောင်းတို့၊ SWAN က နန်းဆီလားဝမ်းတို့၊ ရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်နေတဲ့  MAP Foundation  က နန်းခမ်းအိမ် (ယခု DVB သတင်းထောက် နန်းမြနဒီ) တို့၊ အဲ့ချိန်တုန်းက DVB သတင်းဌာနမှာအလုပ်လုပ်နေတဲ့ အမ နန်းခမ်းကျောက် တို့ တွေဟာ သျှမ်းသံတော်ဆင့်သတင်းဌာနတဆင့် ဘ၀ခရီးဖြတ်သန်းသွားတဲ့ သူတွေဖြစ်တယ်လို့  ဆိုပါတယ်။

အဲကတည်းကစပြီး ကနေ့အထိ ၁၃ နှစ်ကြာ   သျှမ်းသံတော်ဆင့်မှာ အလုပ်လုပ်ခဲ့တဲ့ အမျိုးသမီးဝန်ထမ်းကတော့ ကျမ နန်းယေ့ဟွမ် တယောက်ဘဲရှိပါလိမ့်မယ် လို့ယုံကြည် ပါတယ်။ (ကျမ သျှမ်းသံတော်ဆင့်သတင်းဌာနမှာ အလုပ်ဝင်ပြီးနောက်ပိုင်းမှာတော့ အလုပ်သင် ရောက်လာတဲ့ အမျိုးသမီးတွေ အများကြီးရှိပါတယ်။ ဒါပေမယ့်အလုပ်သင်ပြီး တော့ တချို့လည်း ကျောင်းဆက်တက်ကြတယ်။ တချို့လည်းတခြားနေရာကို သွားပြီး ဘ၀ အတွက် ရေကြည်ရာ မြက်နုရာကို ရှာကြတယ်။ )

 ဒါပေမယ့် ကနေ့ချိန်မှာကျတော့ သျှမ်းသံတော်ဆင့်သတင်းဌာနမှာ အမျိုးသမီးတွေတန်းတူအခွင့်အရေးအတွက်၊ အမျိုးသမီးတွေကို သတင်းမီဒီယာတွေမှာ ပါဝင်လာနိုင်ဖို့ အတွက် သျှမ်းသံတော်ဆင့်ရဲ့လက်ရှိ ဝန်ထမ်း ၁၈ ဦးအနက် အမျိုးသမီးဝန်ထမ်း ၁၁ ဦးရှိပါတယ်။ ၅၀ % ကျော်တယ်လို့ဆိုနိုင်ပါတယ်။

ဒါ့အပြင် ဦးဆောင်မှု၊ ဆုံးဖြတ်ပိုင်ခွင့်မှာလဲ၊  ကျား၊ မ မခွဲခြားဘဲ တန်းတူ အခွင့်အရေး ရှိကြပါတယ်။ ဝန်ထမ်းတွေအားလုံးကလည်း သူ့အပိုင်းနဲ့သူ လုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အတွက် ကျမ အနေနဲ့ ဒီသတင်းဌာနမှာ အမျိုးသမီးဝန်ထမ်းတဦး ဖြစ်ရတာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

ဒါကြောင့် သျှမ်းသံတော်ဆင့်သတင်းဌာန ရှေ့ဆက် တိုးတက်အောင်မြင်စေဖို့အတွက် သျှမ်းပြည်သားတွေကို ကိုယ်စားပြုပေးနိုင်မယ့် သတင်းဌာနတခုဖြစ်လာစေဖို့အတွက် လူထုအသံ သျှမ်းသံတော်ဆင့် အသံ ဆိုတဲ့ သျှမ်းသံတော်ဆင့်ရဲ့ ဆောင်ပုဒ်အတိုင်း  ကျမအနေနဲ့ အုတ်တချပ် သဲတပွင့်ဆက်လက်ပါဝင်ဆောင်ရွက်သွားမယ်၊ သျှမ်းပြည်သားတွေ တရားမျှတမှုရရှိလာသည်အထိ ကျမ ကျရာတာဝန်ကို ကျေပွန်အောင် ဆက်လက်ထမ်းဆောင်သွားမယ်လို့ သစ္စာအဓိဌာန်ပြုပါတယ်ရှင့်။

နန်းယေ့ဟွမ် တာဝန်ခံအယ်ဒီတာ (သျှမ်း၊ ဗမာ)

သျှမ်းသံတော်ဆင့်သတင်းဌာန

သျှမ်းပြည်ကို ကိုယ်စားပြုတဲ့မီဒီယာ ဘာကြောင့် ရှိသင့်သလဲ

0

စိုင်းဖွန်းလီ

ပင်လုံစာချုပ်ကို  သျှမ်းပြည် ခေါင်းဆောင် ကြီးတွေ၊ တောင်တန်းဒေသ တိုင်းရင်းသား ခေါင်းဆောင် ကြီး တွေဟာ မြေပြန့်သား ဗမာ့ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနဲ့အတူ  လက်မှတ်ရေးထိုးခဲ့ကြပြီး နယ်ချဲ့အင်္ဂလိပ်အုပ်ချုပ်မှုလက်အောက်မှ လွတ်လပ်ရေး ရယူခဲ့ကြပေမယ့်  တောင်တန်းမြေပြန့် တန်းတူညီမျှသောအခွင့်အရေး မရရှိခဲ့ပါဘူး။  ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့လည်းရောက်ရော ဗိုလ်ချုပ်နေဝင်းရဲ့ စစ်တပ်က နိုင်ငံတော် အာဏာသိမ်းလိုက်တော့ ပင်လုံစာချုပ်ကြီးကိုပါ ဖျက်ဆီးခဲ့ကြပါ တယ်။

အဲဒီအချိန်ကစပြီးတော့ သျှမ်းပြည်သားတွေဟာ စစ်အာဏာရှင်ရဲ့လက်အောက်က ကျွန်ဘ၀ ကိုရောက် ခဲ့ရပြီး လူ့အခွင့်အရေးချိုးဖောက်တာတွေကိုလည်း ဆက်တိုက်ခံလာခဲ့ရပါတယ်။ အဆိုးရွားဆုံးကတော့ ၁၉၉၆-၁၉၉၇  မှ ၁၉၉၈ ခုနှစ် နှစ်လယ်အထိ သျှမ်းပြည်သားတွေဟာ နေရပ်ကနေစွန့်ခွါ ထွက်ပြေး တိမ်းရှောင်ခဲ့ရတာ ၊ သတ်ဖြတ်ခံရတာ၊ ဖမ်းဆီးခံရတာ၊ အဓမ္မပြုကျင့်ခံရတာဟာဖြင့် အဲဒီနှစ်တွေဟာ သျှမ်းတွေအတွက် ငရဲနှစ်တွေလို့တောင် နာမည်တွင်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက သျှမ်းပြည်တောင်ပိုင်း ၊အလယ်ပိုင်း လွယ်လင်ခရိုင်အောက်က (အခု လင်းခေးခရိုင် အောက်က) မြို့တွေဖြစ်တဲ့ မိုင်းပန်၊ မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ နမ့်စန်၊ ကွန်ဟိန်း၊ ကာလိ၊ မိုင်းရှူး၊ ကျေးသီး၊ မိုင်းကိုင်၊ လဲချား၊ ပင်လုံ၊ လွယ်လင်၊ မိုင်းပွန် တွေက ကျေးလက်​ဒေသတွေမှာ ရွာသားတွေကို မြို့ဧရိယာထဲပြောင်းရွှေ့နေထိုင်ဖို့ အဓမ္မပြောင်းရွှေ့ခိုင်းခြင်းခံရလို့  ရွာပေါင်း ၁၄၀၀ ထက်မနည်း၊ ရွာသူရွာသား ၃ သိန်းကျော် နေရပ်ကနေ ထိုင်းနယ်စပ်ဘက်ကို ထွက်ပြေးခဲ့ရပါတယ်။

အဲဒီအချိန်ကတည်းက စစ်အုပ်ချုပ်မှုကို ဆန့်ကျင်ပြီး အဖြစ်အပျက် သတင်းမှန်တွေကိုဖော်ထုတ်ခဲ့တာ သျှမ်းပြည်မှာ သျှမ်းသံတော်ဆင့် သတင်းဌာနဘဲရှိပါတယ်။  လူထုအသံ သျှမ်းသံတော်ဆင့်အသံဆိုတဲ့ ဆောင်ပုဒ်ကိုကိုင်ဆောင်ပြီး လူ့အခွင့်အရေး ချိုးဖေါက်ခံရတဲ့ သျှမ်းပြည်သားတွေအတွက် သတင်းမှန်ကို ထုတ်ဖေါ်ခဲ့ပါတယ်။

ဒီကနေ့မှာတော့ နိုင်ငံရေးအခြေအနေဟာဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆီကိုဦးတည်နေပါတယ်။ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ဖို့ တွန်းအားပေးတဲ့နေရာမှာ သတင်းမီဒီယာ က အရေးကြီးတဲ့အခန်းကဏ္ဍ  ကပါဝင်ပါတယ်။

ဒါကြောင့် သတင်းမီဒီယာဟာ  မီဒီယာကျင့်၀တ်နဲ့ညီမညီ ၊ သမာသမတ်ကျ မကျ၊ သတင်းအချက် အလက်မှန်ကန်မှုရှိမရှိ၊ အတည်ပြုချက်ရှိမရှိ၊ ယုံကြည်နိုင်မှုရှိမရှိ စတာတွေဟာ အရေးကြီးပါတယ်။ အရေးကြီးဆုံးအချက်ကတော့ ဘယ်ဘက်မှမယိမ်းမယိုင်တဲ့ လူထုဘက်တော်သား သတင်းမီဒီယာ ကောင်း ဖြစ်ဖို့ လိုအပ်ပါတယ်။

ကျနော်တခုယုံကြည်မိ  တာက သတင်းမီဒီယာဟာ လူမှု အသိုင်းအဝိုင်း ရဲ့ခွန်အားဖြစ်ပြီး ပြည်ထောင်စုကြီးအရေး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကဒေါက်တိုင်ကြီး ဖြစ်နေတဲ့အတွက် ကျနော့်အနေနဲ့ ဒီမီဒီယာလုပ်ငန်းကို ချစ်မြတ်နိုးလို့ သျှမ်းသံတော်ဆင့် သတင်းဌာနမှာ ၁၀ နှစ်ကျော်ကြာ အလုပ်လုပ်နေရတာဖြစ်ပါတယ်။

စိုင်းဖွန်းလီ မဂ္ဂဇင်းအယ်ဒီတာ သျှမ်းသံတော်ဆင့်

ဆောင်းပါးရှင် စိုင်းဖွန်းလီဟာ သျှမ်းသံတော်ဆင့်သတင်းဌာနမှာ ၂၀၀၅ ခုနှစ်ကတည်းက အလုပ်တာဝန်ထမ်းဆောင်လာခဲ့တာ ခုချိန်အထိဆိုရင် ၁၄ နှစ်ရှိပြီဖြစ်ပါတယ်။ (အယ်ဒီတာ)

သျှမ်းသံတော်ဆင့် ရုံးတည်ဆောက်ဖို့ “ အုတ်တစ်ချပ်ကူပါ” အစီအစဉ်စပြီ

0
“ အုတ်တစ် ချပ်ကူပါ”

သျှမ်းသံတော်ဆင့် သတင်းတိုက်တည်ဆောက်ဖို့ အတွက် ၂၀၁၉ မတ်လ ၃ ရက်နေ့က “ အုတ်တစ် ချပ်ကူပါ” မိတ်ဆုံညစာစားပွဲတရပ်ကို သျှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ညစာစားပွဲမှာ သျှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ကိုယ်တိုင်ကြွရောက်အားပေးခဲ့ပြီး ငွေကြေးပါဝင် ထောက်ပံ့ကူညီပေးခဲ့ပါတယ်။

 “အုတ်တစ်ချပ်ကူပါ ” ညစာစားပွဲကို  ဒေသခံ  စီးပွါးရေးလုပ်ငန်းရှင်တွေ၊ ဟိုတယ်ပိုင်ရှင်တွေ၊ စက်ရုံ အလုပ်ရုံ ပိုင်ရှင်တွေ၊ လူမှုအခြေပြုအသင်းအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ တောင်ကြီးမြို့ တက္ကသိုလ် များ သျှမ်းစာပေယဉ်ကျေးမှုအသင်းမှ ကျောင်းသားလူငယ်တွေဖြစ်တဲ့ စေတနာရှင် မိဘပြည်သူ ၆၀ ခန့်တက်ရောက်ခဲ့ပါတယ်။

“ အုတ်တစ် ချပ်ကူပါ”

သျှမ်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း ကတော့ ညစာစားပွဲကို မတက် ရောက်နိုင်ခဲ့ပေမယ့် ရုံးဆောက်ဖို့ ရံပုံငွေ ကူညီထောက်ပံႉပေးတဲ့အပြင် မြေနေရာအတွက် တရား ၀င်စာရွက်စာတမ်းထွက်ရှိနိုင်ရေး ညွှန်ကြားစီစဉ်ပေးခဲ့ပါတယ်။

အဲဒီညစာစားပွဲအပြီး နောက်တရက် မတ်လ ၄ ရက်နေ့မှာတော့ သျှမ်းသံတော်ဆင့်အဖွဲ့သားတွေက တောင်တန်းသာသနာပြုဆရာတော် စဝ်ဆုခမ်းကို တောင်ကြီးမြို့ လွယ်လုံပရဟိတကျောင်းမှာ တွေ့ ဆုံရာမှာ ဆရာတော်က ငွေကျပ် ၁၀ သိန်း ထောက်ပံ့ခဲ့ပါတယ်။

ဒါကြောင့် လောလော ဆယ် သျှမ်းသံတော်ဆင့်သတင်းတိုက်ဆောက်လုပ်ရေးအတွက် လက်ထဲမှာ ငွေကျပ် သိန်း ၁၅၀ ကျော် လက်ခံရရှိထားပါတယ်။

Keep in touch

367,466FansLike
13,934FollowersFollow
97,100SubscribersSubscribe